တို့သစ်ပင်များပညာရေးဖောင်ဒေးရှင်း
‘ပင်လောင်းလေးတွေရဲ့ တောအုပ်အိမ်မက်’
ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ဝန်ဆောင်မှုမလုံလောက်သည့် ကျောင်းသားလူငယ်များအတွက်
ပညာရေးဆိုင်ရာအရင်းအမြစ်များ ပံ့ပိုးနိုင်ရန်ရည်ရွယ်ပါသည်။
နောက်ခံအကြောင်းအရာ
စစ်အာဏာသိမ်းမှုနှင့် မတရားအုပ်ချုပ်မှုများကြောင့် သန်းနှင့်ချီသော လူငယ်များ၏ ပညာသင်ကြားရေးအခွင့်အလမ်းများသည် ဆိုးရွားစွာ ထိခိုက်လျက်ရှိပါသည်။ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသများတွင် နေထိုင်ကြသော လူငယ်များသည် တရားဝင်ပညာရေးစနစ်အတွင်း ပါဝင်နိုင်ရန်နှင့် အဆင့်မြင့်ပညာများ ဆက်လက်လေ့လာနိုင်ရန် အခက်အခဲများစွာကို ကြုံတွေ့နေရပါသည်။ ထို့အပြင် တော်လှန်ရေးတွင် ပါဝင်လှုပ်ရှားနေသော လူငယ်များသည် လုံခြုံရေးအန္တရာယ်များပြင်းထန်သော အခြေအနေများအောက်တွင်ပင် ပညာရေးကို ဆက်လက်လေ့လာနိုင်ရန် အားထုတ်ကြိုးပမ်းလျက်ရှိကြပါသည်။
‘တို့သစ်ပင်များ’ ဖောင်ဒေးရှင်းအနေဖြင့် ပဋိပက္ခဒေသများနှင့် လွတ်မြောက်နယ်မြေများရှိ တော်လှန်လူငယ်များအတွက် ပညာရေးအခွင့်အလမ်းများ ပိုမိုရရှိစေရန် တတ်စွမ်းသမျှ ပံ့ပိုးကူညီရန် ရည်ရွယ်ထားပါသည်။ ပညာသင်ဆုများပံ့ပိုးခြင်း၊ သင်ယူရန်အတွက် လုံခြုံစိတ်ချရသောနေရာများ ဖန်တီးပေးခြင်းတို့မှတဆင့် ကျွန်ုပ်တို့ ‘တို့သစ်ပင်များ’သည် တရားမျှတပြီး သာတူညီမျှမှုရှိသော အနာဂတ်တစ်ခုကို ပျိုးထောင်နိုင်ရန်နှင့် စစ်ဘေးကြုံတွေ့နေသည့်အချိန်များတွင်ပင် ပညာရေးကို ဆက်လက်ရှင်သန်စေရန် အတူတကွ ကြိုးပမ်းသွားမည် ဖြစ်ပါသည်။
အဓိကလုပ်ငန်းစဥ်များ
(၁) ပညာသင်ကြားခွင့်ရရှိရေးဆိုင်ရာ
-
စဉ်ဆက်မပြတ်ပညာသင်ကြားရေးပံ့ပိုးကူညီမှုများဆောင်ရွက်နိုင်ရန်အတွက်နှစ်ရှည်ပညာရေးရန်ပုံငွေထူထောင်ရန်
-
ပညာရေးဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုများ လုပ်ဆောင်ရန်
(၂) ပညာသင်ဆုထောက်ပံ့ခြင်းဆိုင်ရာ
-
နိုင်ငံတကာဘာသာစကား စာမေးပွဲများနှင့်အောင်လက်မှတ်အစီအစဥ်များအတွက် အခမဲ့ ပညာဒါနသင်တန်းများနှင့် ပညာသင်ဆုပံ့ပိုးရန်
-
တက္ကသိုလ်ပညာရေး အထောက် အကူပြုအစီအစဥ်များနှင့် ပညာသင်ဆုပံ့ပိုးရန်
(၃) သင်ကြားရေးရပ်ဝန်းများ ဖန်တီးခြင်းဆိုင်ရာ
-
ကျောင်းပြင်ပပညာရေးနှင့် ပညာရေးအသက်ဆက်ရန် ခက်ခဲသောဒေသများတွင် လက်လှမ်းမှီနိုင်မည့် သင်ကြားရေးရပ်ဝန်းများနှင့် အထောက်အကူပြုလုပ်ငန်းများအား ပံ့ပိုးရန်